သတိပြုစရာ ငွေကြေးလိမ်လည်မှု – အထောက်အထားအတုဖြင့် ဘဏ်စာရင်းဖွင့်လှစ်ခြင်း
ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ ငွေကြေးလိမ်လည်မှုပုံစံများသည်လည်း ပိုမိုနက်နဲ လာပါသည်။ ထိုအထဲတွင် အခြားသူ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခြင်း သို့မဟုတ် အထောက်အထားအတုများ ဖန်တီး၍ ဘဏ်စာရင်းဖွင့်လှစ်ကာ မသမာမှုပြုလုပ်ခြင်းသည် အလွန်စိုးရိမ်ဖွယ်ရာ ကောင်းလှပါသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုတွင် လူပုဂ္ဂိုလ် ( A ) နှင့် ( B ) တို့သည် အခြားသူတစ်ဦး ( C )၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ကို အသုံးပြုကာ ဘဏ်တစ်ခုတွင် ငွေစာရင်း (၃) ခုအား မရိုးမသား ဖွင့်လှစ်ခဲ့ပါသည်။ ထို့အတူ လူပုဂ္ဂိုလ် ( D ) ဆိုသူသည်လည်း ၎င်း၏ မှတ်ပုံတင်အမှတ်ပါ ဂဏန်းများကို လက်ရေးဖြင့် ပြုပြင်ကာ ငွေစာရင်း ( ၁ ) ခု ထပ်မံဖွင့်လှစ်ခဲ့သည်ကို တွေ့ရှိရပါသည်။
၎င်းတို့ (၃) ဦးသည် အဆိုပါ အမည်လွှဲစာရင်းများအကြား ငွေကြေးများကို အပြန်အလှန် လွှဲပြောင်းကာ သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြပါသည်။ ဘဏ်၏ စနစ်တကျ စစ်ဆေးမှုများအရ အောက်ပါ မသမာမှုများကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
အချက်အလက် ခိုးယူအသုံးပြုခြင်း: ၎င်းတို့အသုံးပြုထားသော မှတ်ပုံတင်အမှတ်များသည် အခြားသူများ၏ အမည်ပေါက် မှတ်ပုံတင်များ ဖြစ်နေခြင်း။
မှတ်ပုံတင်အတု ပြုလုပ်ခြင်း: အသုံးပြုထားသော မှတ်ပုံတင်အမှတ်စဉ်မှာ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် အမှတ်စဉ်ထက် ကျော်လွန်နေသော အမှတ်စဉ်အတု ဖြစ်နေခြင်း။
ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်ပုံတင်မိတ္တူများကို ပေါ့ဆစွာ မျှဝေခြင်းမပြုရန် အလွန်အရေးကြီးကြောင်း တွေ့ရှိရပါသည်။ ဘဏ်များအနေဖြင့်လည်း ယခုကဲ့သို့ မသင်္ကာ ဖွယ်ရာ စာရင်းများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးကာ သက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့များသို့ အချိန်မီ သတင်းပေးပို့ တိုင်ကြားလျက်ရှိပါသည်။
အများပြည်သူသို့ အကြံပြုချက် –
၁။ မိမိ၏ နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်များကို မလိုအပ်ဘဲ သူစိမ်းများထံ မမျှဝေပါနှင့်။
၂။ မသင်္ကာဖွယ်ရာ ငွေကြေးကမ်းလှမ်းမှုများ၊ တစ်ဆင့်ခံ ငွေထုတ်ပေးရန် တောင်းဆိုမှုများကို သတိပြုပါ။
၃။ မိမိ၏ အမည် သို့မဟုတ် မှတ်ပုံတင်အမှတ်ကို အသုံးပြု၍ တစ်စုံတစ်ဦးက မသင်္ကာဖွယ်ရာ ငွေစာရင်းများ ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်၍ အခါအားလျော်စွာ စစ်ဆေးပါ။
မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဂရုတစိုက် ထိန်းသိမ်းခြင်းဖြင့် ငွေကြေးလိမ်လည်မှုအန္တရာယ်မှ ကာကွယ်ကြပါစို့။
